Monday, November 19, 2012

ကိုယ်ကာယကြီးထွားမှုနှင့် အာဟာရ

မြန်မာထမင်းဝိုင်း ခေါင်းစဉ်လေးကို မြင်လိုက်သည်နှင့် အသား၊ ငါး၊ ပုစွန်၊ ချဉ်ရည်၊ အကြော်၊ ငါးပိတို့စရာတို့ဖြင့် စုံစုံလင်လင် ပါဝင်သည့် ထမင်းဝိုင်းကို မြင်ယောင်လာမှာ အမှန်ပင်ဖြစ်ပါသည်။ စားဖွယ်ပေါသည့် မြန်မာပြည် ဆိုသည့်အတိုင်းပင် ကျွန်မတို့ မြန်မာပြည်တွင် အသီးအနှံလည်း ပေါလှသည်။ သားငါးပုဇွန်လည်း ပေါများလှ သည်။ ထို့ကြောင့် မြန်မာ့ထမင်းဝိုင်းတွင် သားငါးပုစွန်များကို ဆီပြန်၊ အကြော် (အချို၊ အစပ်) ချက်၍ ဟင်းသီးဟင်းရွက်များကို အကြော်၊ ချဉ်ရည်ဟင်းအဖြစ် စားသောက်ကြသကဲ့သို့ အချို့ အသီးအရွက်များကို အစိမ်း သို့မဟုတ် ပြုတ်၍လည်းကောင်း၊ ဖုတ်၍လည်းကောင်း၊ အချဉ်ပြုလုပ်၍လည်းကောင်း တို့စရာအဖြစ် တွဲဖက်ကာ အာဟာရဖြစ်အောင်
ချက်ပြုတ်သုံးဆောင်ကြပါသည်။


 အဟာရဖြစ်အောင်၊ အာဟာရပြည့်ဝအောင်ဟု ဆိုသည့်အတွက်ကြောင့် အာဟာရဖြစ်အောင် ချက်ပြုတ်စားသောက် ခြင်းသည် မူလသမားရိုးကျ ချက်ပြုတ်စားသောက်မှုနှင့် ကွဲလွဲမှုများ ရှိနေရော့သလားဟု ထင်မိကြပေလိမ့်မည်။ ယင်းသို့ မဟုတ်ပါ။ သို့သော် အာဟာရပြည့်ဝအောင် မည်သို့ချက်ပြုတ်ရမည်၊ အသားကို ဘယ်လောက်သား၊ အသီးအရွက်က ဘယ်လောက်သား စားမှ အာဟာရပြည့်ဝ မည်ဆိုသည့် စည်းကမ်းချက်များတော့ရှိပါသည်။ ဖြစ်သလိုစားသောက်နေပါက အရာမရောက်နိုင်ပါ။ အာဟာရဓါတ် မပြည့်ဝနိုင်ပါဟု အာဟာရ ပညာရှင်များက ဆိုထားပါသည်။ မည်သည့်ကိစ္စမျိုးမဆို စနစ်တကျ နည်းမှန်လမ်းမှန် ဆောင်ရွက်မှသာ အကျိုးသက်ရောက်တတ်ပါသည်။ ထို့အတူ အလွန်တရာ ရခဲလှသည့် လူ့ဘ၀တွင် လူလာဖြစ်ရပြီး လူ့ဘ၀ရပ်တည်မှုအတွက် စားသုံးရေးကိစ္စ၌ နည်းစနစ်များ အသီးသီးရှိနေသည့်အတွက် ထိုဘောင်အတွင်းမှ စနစ်တကျ စားသောက်နေထိုင်မှသာ အသက်ရှည်ရာ အနာမဲ့ကြောင့် ဖြစ်နိုင်ပါလိမ့်မည်။ ထို့ကြောင့် ကိုယ်ခန္ဓာထွားကျိုင်းရေး၊ ရောဂါဘယကင်းရှင်းရေးအတွက် မည်သို့မည်ပုံ ချက်ပြုတ်စားသောက် ရမည်ဆိုသော အတတ်ပညာမှာ အိမ်ရှင်မ အမျိုးသမီးများအပေါ်တွင် ရှိနေပေသည်။
 ထိုပညာကို သိထား၊ တတ်ကျွမ်းစေရန် အတွက် မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနများ၊ မြို့နယ်ဒေသန္တရ ဆေးပေးခန်းများမှ အကြံပေးချက်များ၊ ထိုဌာနများတွင် အခါအားလျော်စွာ ပြုလုပ်သော ဟောပြောပွဲများ၊ သင်တန်းများကို တက်ရောက်လေ့လာသင့်ပါသည်။ သို့မှသာ ကျွန်မတို့၏ မြန်မာ့ရိုးရာထမင်းဝိုင်းသည် အာဟာရပြည့်ဝစွာ စားသောက်ရေးတွင် မည်သို့ အထောက် အကူဖြစ်သည်ကို သိရှိလာမှာဖြစ်ပါသည်။ ယင်းသို့ အိမ်ရှင်မများ သိရှိနားလည်လာပါက အဖိုးနည်းပြီး ကျန်းမာရေးနှင့် ညီညွတ်စေမည့် အစားအစာများကို အိမ်ရှင်မတိုင်း ချက်ပြုတ်နိုင်တော့မှာ သေချာလှပါသည်။ လူမျိုးတစ်မျိုး၏ ကျန်းမာဖွံ့ဖြိုးမှုသည် ထိုလူမျိုး၏ အိမ်ထောင်စုတိုင်းအား ထိန်းသိမ်းနေရသည့် အိမ်ရှင်မတို့အပေါ်တွင် တည်နေပါသည်ဟု အာဟာရပညာရှင်များက တညီတညွတ်တည်း အဆိုပြုထားသည်ဖြစ်ရာ အိမ်ရှင်မ များသည် မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍတွင် မည်မျှ အရေးပါကြောင်းကို သတိပြုသင့်ပါသည်။ အာဟာရပြည့်ဝမှ ကျန်းမာသက်ရှည်မည်၊ အသိဥာဏ်<ကယ်မည်။ လုပ်အားစွမ်းအင် ပိုထွက်မည်ဆိုသည့်အချက်ကို နိုင်ငံတော် အစိုးရနှင့် ပြည်သူအားလုံး သဘောပေါက်နေကြပါ ပြီ။ သို့သော် အချို့လူတစ်စုမှာ ကျန်းမာနေစဉ် မိမိတို့ကိုယ်ကာယကို ဂရုစိုက်ဖို့ မစဉ်းစားမိတတ်ကြပါ။ ရောဂါဝင် ရောက်မှသာလျှင် ကျန်းမာရေးကို အလေးတယူ ပြုလာတတ်ကြပါသည်။ ထို့ကြောင့် အသက်ရှည်စွာ နေထိုင်နိုင်ရေး၊ ရောဂါဘယ ကာကွယ်ရေးအတွက် အာဟာရပြည့်ဝသော အစားအစာ များကို နေ့စဉ်စားသုံးကြဖို့ အထူးပင် လိုအပ်လျှက်ရှိပါသည်။ ထို့ထက် အလိုအပ်ဆုံးမှာ အိမ်ထောင်စု၏ ချက်ပြုတ်ရေးကို တာဝန်ယူရသော အိမ်ရှင်မတိုင်း  အာဟာရပညာ  ကို တတ်ကျွမ်းသင့်ခြင်းပင် ဖြစ်ပါသည်။
ထိုအာဟာရပညာတွင် – - (၁) လူတစ်ယောက်၏ လိုအပ်သည့်အာဟာရဓါတ်များကို သိရှိစေခြင်း၊ (၂) ထိုသို့ လိုအပ်သော အာဟာရဓာတ်များပါရှိသည့် အစားအစာများကို သိရှိခြင်း၊ (၃) အာဟာရချို့တဲ့သော လက္ခဏာများကို သိရှိစေခြင်း တို့ ပါဝင်သည့်  သိပ္ပံပညာရပ်  ပင် ဖြစ်ပါသည်။ ထိုအခြေခံ  ပညာရပ်  ကို သိထားသော အိမ်ရှင်မသည် မိမိ မိသားစုအတွက်  အာဟာရပြည့်ဝသော အစားအစားကို စီစဉ်ပြင်ဆင် စီမံချက်ပြုတ်နိုင်မည်ဖြစ်ပါသည်။ လူတို့၏ ခန္ဓာကိုယ်သည် ဓါတ်အမျိုးမျိုး ပါဝင်ဖွဲ့စည်းထားသည် ဖြစ်သောကြောင့် နေ့စဉ်နှင့်အမျှ လှုပ်ရှားသွား လာနေရသော ကိုယ်ခန္ဓာတွင် ယင်းဓာတ်များ ကုန်ခန်းယုတ်လျော့မှု ဖြစ်ပေါ်သည်နှင့်အညီ ပျက်စီးချို့ယွင်း တတ်သည်လည်း ရှိသဖြင့် ပြန်လည်ဖြည့်ဆည်းပေးရန်အလို့ငှာ အစားအစာ အမျိုးမျိုးကို စားသုံးရန် လိုအပ်လှပါသည်။ အစားအစာ အမျိုးမျိုးဟု ဆိုပြန်သဖြင့် စာဖွယ်မျိုးစုံကို စားသုံးရမည် မဟုတ်ပါ။ အာဟာရ ပညာတတ်မြောက် ထားသော အိမ်ရှင်မ စီစဉ်ပြင်ဆင် ချက်ပြုတ်ထားသော  အာဟာရမျှတသော၊ အာဟာရပြည့်ဝသော  အစားအစာကို ဆိုလိုပါသည်။ အာဟာရမျှတသော အစာဆိုသည်မှာ လူတစ်ယောက်အတွက် လိုအပ် သော အာဟာရများ အမျိုးအမည်အားဖြင့် ပြည့်စုံပြီး ပမာဏအားဖြင့် လုံလောက်ရ မည့်အပြင် နေ့စဉ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော အစာကို ဆိုလိုပါသည်။ လူတစ်ယောက်၏ လိုအပ်သည့် အာဟာရ ဓာတ်မှာ တစ်ဦးနှင့် တစ်ဦး မတူကြပါ။ အသက်၊ ကျား၊ မ သွားလာ လှုပ်ရှားမှု၊ ကျန်းမာရေးအခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေတို့အပေါ် မူတည်ပြီး ကွဲပြားကြပါသည်။ အသက်ငယ်သူ တစ်ယောက်နှင့် အသက်ကြီးသူတစ်ယောက်၏ အာဟာရဓာတ် လိုအပ်ချက် မတူညီပါ။ ထို့အတူ သာမန်အမျိုးသမီး၊ ကိုယ်ဝန် ဆောင်အမျိုးသမီး၊ နို့တိုက်မိခင်၊ ကာယအလုပ်သမား၊ ဥာဏအလုပ်သမားတို့မှာ တစ်ဦးနှင့်တစ်ဦး အာဟာရဓါတ် လိုအပ်ချက် ချင်း မတူညီကြပါ။ ထို့ကြောင့်အာဟာရပညာရှင်များက အစားအစာများကို အုပ်စုသုံးစု ခွဲထားပါသည်။

သာမာန်အားဖြင့် တစ်နေ့တာ လိုအပ်သော အာဟာရဓါတ်များ ပြည့်စုံစွာရရှိစေရန်အတွက် ထိုအုပ်စုသုံးစုမှ အုပ်စုတစ်စုက တစ်မျိုးသုံးမျိုးကို ရွေးချယ်ပေါင်း စပ် စားသုံးရပါမည်။ ထိုအစာအုပ်စု သုံးစုမှာ –-
(၁) အင်အားဖြင့် ပွားစေသော အစားအစာများ
(၂) ခန္ဓာကိုယ်ကြီးထွားစေသော အစားအစာများ
(၃) ရောဂါကာကွယ်စေသော အစားအစာများဖြစ်ပါသည်။

ထိုအုပ်စုသုံးစုတွင် ပါဝင်သော အစားအစားများမှာ မြန်မာပြည်တွင်း၌ ရရှိသော နေ့စဉ်စားသုံးနေကျဖြစ်သည့် အသီးအရွက် အသား၊ ငါး၊ ဥနှင့် ပဲအမျိုးမျိုးတို့ပင်ဖြစ်ပါသည်။ ထို့ကြောင့် အိမ်ရှင်မများသည် ပြည်တွင်းထွက် အစားအစာများကို မိမိတို့၏ ၀င်ငွေအင်အားပေါ်တွင် အခြေ တည်ကာ တတ်နိုင်သလောက် လွယ်ကူစွာ ချက်ပြုတ်စားသောက်ခြင်းဖြင့် အသားငါး၊ ပဲ၊ အသီးအရွက်၊ ငါးပိ၊ တို့စရာ စုံစုံလင်လင် ပါဝင်သည့် အာဟာရပြည့်ဝသော မြန်မာ့ရိုးရာ မြန်မာဆန်ဆန် ထမင်းဝိုင်းလေးကို ပြင်ဆင်ကြပါစို့။ လူတစ်ယောက်၏ တစ်နေ့စာအတွက် အစားအစာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
အုပ်စု အစားအစာ အချိန်အဆ
၁။ ပဲ ၆ ကျပ်သား အသား ၇ ကျပ်သား ပုစွန် (သို့) ငါး ၅ ကျပ်သား
၂။ ဟင်းရွက် ၆ ကျပ်သား ငှက်ပျောသီး ၂ လုံး
၃။ ပဲပင်ပေါက် ၄ ကျပ်သား ပဲသီး ၄ ကျပ်သား
၎။ ဆန် နို့ဆီတစ်ဘူးခွဲ
၅။ ဆီ ၂ ကျပ်ခွဲသား အထက်ပါ စားစရာများကို တစ်နေ့အတွက် ချက်ပြုတ်ရပါမည်။

No comments:

Post a Comment