Thursday, November 22, 2012

သဘောတူညီချက်ငါးရပ်ကို တရားဝင် လက်မှတ်ထိုးခဲ့ပြီးနောက် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို အဆုံးသတ်

သဘောတူညီချက်ငါးရပ်ကို တရားဝင် လက်မှတ်ထိုးခဲ့ပြီးနောက်
(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို အဆုံးသတ်


သဘောတူညီချက် ငါးရပ်ကို တရားဝင် လက်မှတ်ထိုးခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ Peace Palace အဆောက် အအုံတွင်
ပြုလုပ်ခဲ့သော (၂၁) ကြိမ် မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများကို နိုဝင်ဘာလ ၂၀ ရက်နေ့ ညပိုင်းတွင် အဆုံးသတ်ခဲ့ပါသည်။ 






 
(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ ထင်သာ မြင်သာ ရှိစေသော အချက်များအနက် သဘောတူညီချက်ငါးရပ်ကို လက်မှတ်ရေးထိုးခဲ့ နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်နှ ငါးရပ်မှာ အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း အပေါ် ဖနွမ်းပင် ထုတ်ပြန်ချက်၊ အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း၊ အာဆီယံ ဒေသတွင်း Mine Action Centre (ARMAC) စတင်ခြင်းကို အာဆီယံ ခေါင်းဆောင်များ၏ ထုတ်ပြန်ချက်၊ ARMAC စတင်ခြင်းနှင့် စပ်လျဉ်းသော စာရွက်စာတမ်းများနှင့် Bali Concord III တတိယဆင့် ဆောင်ရွက်မှု (၂၀၁၃-၂၀၁၇) ကို လက်မှတ် ရေးထိုးခြင်းတို့ ဖြစ်ကြပါသည်။

ထို့အပြင် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အကြား သဘောထား ကွဲလွဲခဲ့ပြီး ပူးတွဲကြေညာချက် မထုတ်ပြန်နိုင်ခဲ့သော တောင်တရုတ်ပင်လယ် ကိစ္စရပ်နှင့် ပတ်သက်ပြီး (၁၅) ကြိမ်မြောက် အာဆီယံ-တရုတ်ဆွေးနွေးပွဲ အပြီးတွင်
ငြိမ်းချမ်းစွာဖြင့် ရှေ့ဆက်ဆွေးနွေးရန် သဘောတူညီချက် ရရှိခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်ကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြနိုင်ခဲ့ပါသည်။

တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ ကျေနပ်မှု ရှိသော အစီအစဉ်များ အကောင်အထည် ဖော်နိုင်ခြင်း၊ အာဆီယံ အသိုက်အမြုံကို ဆက်လက် ဆောင်ရွက်နိုင်ခြင်း အစရှိသည်တို့ကို သဘောတူညီနိုင်ခဲ့ကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ အာဆီယံ အသိုက်အမြုံကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့တွင် အပြီးသတ် ဖော်ဆောင်ရန် အာဆီယံခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် တိုးမြှင့် ဆောင်ရွက်ရန် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်ပြီး ဒေသတွင်း နိုင်ငံများမှ မတူညီချက်များနှင့် အငြင်း ပွားဖွယ်ရာ များကို ကမ္ဘာ့ အသိအမှတ်ပြု ဥပဒေ များနှင့် စည်းမျဉ်း စည်းကမ်းများ အရ ငြိမ်းချမ်း၍ ကြံ့ခိုင်သော အဖြေတစ်ခု ရရန်အတွက် ဖော်ထုတ်သွားမည်ဟု အာဆီယံ ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။

မြန်မာနိုင်ငံမှ ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲ ကာလအတွင်း ခေါင်းစဉ်တစ်ခုအနေဖြင့် ဆွေးနွေးခြင်း မပြုခဲ့သော်လည်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ၏ ကြေညာချက်တွင်မူ အချက်တစ်ချက် အနေဖြင့် ဖော်ပြခဲ့သည်။ သို့သော် အဆိုပါ ဖော်ပြချက်သည် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ ထုတ်ပြန်ချက် အတိုင်းသာ ပြန်လည် ဖော်ပြခဲ့ခြင်း ဖြစ်ပြီး မြန်မာအစိုးရ၏ ရခိုင်အရေး ကိုင်တွယ်မှု တိုးတက်မှုရှိကြောင်း လက်ခံကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်၌ ရခိုင်အရေးကို ဖော်ပြရာ၌ “ရိုဟင်ဂျာ” ဟူသော စကားလုံးကို လုံးဝ သုံးစွဲခြင်း မပြုဘဲ ထုတ်ပြန်ခဲ့ပါသည်။

No comments:

Post a Comment