Friday, January 18, 2013

“လေဖြတ်ခြင်းကို ကာကွယ်နိုင်သည့် ရေနွေးကြမ်း”

ရေနွေးကြမ်းကို ကျွန်ုပ်တို့ မြန်မာလူမျိုးများ ငယ်စဉ်ကတည်းက သောက်ခဲ့ကြသည်။  နေရာတိုင်း အိမ်တိုင်းမှာ ရေနွေးကြမ်းဝိုင်း ရှိခဲ့သည်။ ဧည့်သည်လာလျှင် ရေနွေးကြမ်း အရင်ချပေးသည်။ ရေနွေးကြမ်းကို မြန်မာတို့ ဘာကြောင့် သောက်ခဲ့ရသနည်း။ ကျန်းမာရေး အတွက်လား။ အဆီကျ၍လား။


 အစာအိမ်နှင့် အူလမ်းကြောင်း ကောင်းစေ၍လား။ ကင်ဆာကို ကာကွယ်၍လား။ အမှန်အတိုင်း ဖြေရလျှင် မဟုတ်ပါ။ သောက်ကောင်း၍ သောက်ခဲ့ခြင်းသာ ဖြစ်ပါသည်။
မိတ်ဆွေတစ်ဦးက ခေါ်၍ ဧည့်ခံပွဲတစ်ခုသို့ သွားခဲ့သည်။ ရန်ကုန်မြို့လယ်က ဟိုတယ်ကြီး တစ်ခုတွင် ဖြစ်သည်။ အစားအသောက်များက စုံလှသည်။ အချိုရည်ကလည်း အစုံ၊ ဘီယာ၊ အရက်ကြိုက်သလောက် သုံးဆောင်ပါဟု ဆိုသည်။ သို့သော် ထမင်းစားပြီးနောက် သောက်နေကြ ရေနွေးကြမ်းကို တမ်းတမိသည်။ သည်လို ဟိုတယ်ကြီးမှာ ရ၊ မရမသိ။ ခေတ်မီစွာ အနောက်တိုင်းစတိုင်လ် အပြည့်ဝတ်ထားသော နံဘေးမှ ပုဂ္ဂိုလ်တစ်ဦးကို မေးကြည့်မိပါသည်။ “ဒီမှာ ရေနွေးကြမ်းများ မရနိုင်ဘူးလား” ဟု သူက အသာတကြည်ပင် ပြုံးပြပြီးလူကို ကြည့်သည်။
မိမိ ဘာမှားသွားသလဲဟု စိတ်က ထင့်သွားသည်။ ခပ်ရှက်ရှက် ဖြစ်မိသည်။ “ရနိုင်ပါတယ်” ဟု သူက ပြောသည်။ တော်ပါသေးရဲ့။ ဒါပေမယ့် “ရေနွေးကြမ်းမှာလို့တော့ မရဘူး” ဟု ပြောသည်။ ဘယ်လိုပါလိမ့်ဟု ထင်နေစဉ်မှာပင် သူက ဝိတ်တာကို လှမ်းခေါ်လိုက်သည်။ အနောက်တိုင်း ဝတ်စုံကို သူ့ထက်ပင် သပ်ရပ်စွာ ဝတ်ဆင်ထားသော ဝိတ်တာလူငယ် ရောက်လာသည်။ “ဂရင်းတီး . . . ပလိစ်” ဟု သူကပြောလိုက်သည်။ ဝိတ်တာက ကိုယ်ကိုကိုင်း၊ ခေါင်းကိုငြိမ့်ပြီး ပြန်ထွက်သွားပါသည်။ မကြာမီ ကြွေကရား ဖြူဖြူကလေးနှင့် အိုးတစ်အိုး ရောက်လာသည်။ “ဒါရေနွေးကြမ်းလား” ဟု မေးရာ “ဟုတ်တယ်” သူက အနည်းငယ် ငှဲ့ပြီး အနံ့ခံပြီးနောက် “ဂျပ်စမင်တီးပဲ” ဟု ပြောသည်။
သူပြောသည့် jasmine tea ဆိုသည်မှာ စံပယ်ပွင့် ရနံ့ပါသော လက်ဖက်ခြောက် ဖြစ်သည်။ တစ်ကယ် စံပယ်ပွင့် ပါမပါတော့ မသိပါ။ ထိုနေ့က သောက်ရသော ရေနွေးကြမ်းကို ယနေ့အထိ မမေ့သေးပါ။ သို့သော်လည်း ယခု စာရေးနေချိန် စာရေးသူ၏ စားပွဲပေါ်မှ ရေနွေးကြမ်းနှင့်တော့ မလဲနိုင်ပါ။ ဒီမှာက ကျောက်မဲလက်ဖက်ခြောက် ခတ်ထားသော ရေနွေးကြမ်း အနီဖျော့ဖျော့ ဖြစ်ပါသည်။ ရေနွေးကြမ်းကို jasmine tea ဟု ခေါ်ရခြင်းကို စာရေးသူ မနှစ်မြို့ပါ။
ပေါင်ဒါနံ့လိုလို စံပယ်နံ့လိုလို ပါသော ရေနွေးကြမ်းကိုလည်း မကြိုက်ပါ။ လျှာတွင် အရသာတွေ့သည်မှာ မွေးကတည်းက၊ လူမှန်းစသိကတည်းက အဖိုး၊ အဘတို့နှင့် သောက်ခဲ့သော “အခါးရည်” လည်းကောင်း၊ “အဖန်ရည်”ဟု လည်းကောင်း ခေါ်ကြသည့် ရေနွေးကြမ်းကိုသာ ကြိုက်ပါသည်။ တစ်ကယ်တော့ ထမင်းစားပြီးလျှင် သို့မဟုတ် အစာများများ စားပြီးလျှင် အချိုရည်သောက်သူနှင့် ရေနွေးကြမ်း သောက်သူတို့မှာ ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် အစာအိမ် သက်တမ်းရှည်မှု မတူညီကြပါ။
တိုင်းရင်းဆေးပညာ ရှုထောင့်တွင် ဖြစ်စေ၊ အိန္ဒိယမှလာသော အာယုဗေဒ ဆေးပညာတွင်ဖြစ်စေ အစာစားပြီးလျှင် အစာကြေဖို့အတွက် “ဝမ်းမီး” လိုသည်။ “ဝမ်းမီး” ကို ဒေသနာနယ ဆေးပညာတွင် “ပါစကတေဇော” ဟုလည်း ခေါ်သည်။ “ဝမ်းမီး” မှာ ဝမ်းထဲမှမီး ဖြစ်သည်။ ရေအေးနှင့်လောင်းလျှင် မီးငြိမ်းသွားမည် ဖြစ်သည်။ “ပါစကတေဇော” သည် အစာကို လောင်မြိုက်ပြီး ကြေကျက်အောင် ချက်ပြီးသော တေဇောဖြစ်၍ ပူသောတေဇော (ဥဏှတေဇော) ဖြစ်ပြန်သည်။
ပူသောတေဇော၏ ဆန့်ကျင်ဘက်မှာ အေးသောတေဇော (သီတတေဇော) ဖြစ်သည်။ အေးသောရေ၊ ရေခဲရေ၊ အချိုရည်တို့မှာ အေးသောအရသာ ရှိသဖြင့် “သီတ” အစာ ဖြစ်သည်။ အစာကြေစေသောအပူ ဆန့်ကျင်ဘက် လောင်းထည့်လိုက်လျှင် မည်သို့ ဖြစ်မည်နည်း။ ရှင်းပါသည်။ အစာမကြေနိုင်တော့။ မကြေသည့်အပြင် ပါစကတေဇော ပျက်မည် ဖြစ်လေသည်။ ပူလိုက်အေးလိုက် ဖြစ်ပါများလျှင် အစာအိမ် ပျက်စီးသည်။ အစာအိမ် ပျက်စီးလျှင် ရောဂါတစ်ခုခု ရမည်မှာ သေချာသည်။ ရနိုင်သော ရောဂါများမှာ
(၁)အစာမကြေရောဂါ
(၂)အစာအိမ်ရောင်ရောဂါ
(၃) အချဉ်ပြန်ရောဂါ
(၄)အစာအိမ်အချဉ်ပေါက်ရောဂါ
(၅) အစာအိမ်အနာပေါက်ခြင်း
(၆) အစာအိမ်ကင်ဆာ စသော ရောဂါများ ဖြစ်နိုင်လေသည်။
ရိုးရာဆေးပညာ၊ အာယုဗေဒ ဆေးပညာ အလိုအရ “ရောဂါမှန်သမျှသည် အစာမကြေမှစသည်” ဟု ဆိုသည်။ အနောက်တိုင်း ဆေးပညာများတွင် မကြာသေးမီကမှ ဖတ်လိုက်ရသည်မှာ အစာစားပြီး အချိုရည်နှင့် သံဗူးများ၊ ဂက်စ်ပါသော အချိုရည် သောက်သုံးလေ့ ရှိသူများမှာ စားထားသမျှထဲမှ အဆီဖတ်များကို အေးပြီးခဲအောင် ပြုလုပ်လိုက်သဖြင့် ချေဖျက်ရန် ခက်ခဲပြီး “ဆီးချို” ရောဂါဖြစ်ဖို့ လမ်းစဖြစ်လာနိုင်သည်။ ထို့အပြင် ထိုအက်ဆစ်ဖတ်များကို အာဟာရအဖြစ် အူသိမ်မှ စုပ်ယူရာမှ သွေးကြောများအတွင်း ရောက်ရှိပြီး သွေးတွင်းအဆီထု တက်လာလေသည်။
သွေးတွင်းအဆီထု တက်လာသူများမှာ သွေးကြောကျဉ်း ရောဂါ၊ နှလုံးရောဂါများ ခံစားရလေ့ရှိပြီး အခန့်မသင့်သော တစ်နေ့တွင် အဆီခဲပြတ်ထွက် မျောပါသွားပြီး ဦးနှောက်အတွင်းသို့ ရောက်ရှိပြီး ရုတ်တရက် မူးပြီးလဲကျခြင်း၊ ဦးနှောက်အတွင်း သွေးခဲပိတ်၍ ကိုယ်တစ်ခြမ်း မလှုပ်ရှားနိုင်ခြင်း၊ လေဖြတ်ခြင်းများပါ ဖြစ်နိုင်သည်။ စာရေးသူ လေဖြတ်သူများကို နှစ်ပေါင်း (၂၀) ကျော် ကုသလာခဲ့သည့် အတွေ့အကြုံများ အရလည်း လေဖြတ်သူ အတော်များများမှာ ဆီးချိုနှင့် သွေးတိုးရောဂါ ရှိခဲ့ကြပြီး ရေခဲရေ၊ အချိုရည်ကို ထမင်းစားပြီးတိုင်း သောက်လေ့ရှိသူများ ဖြစ်သည်ကို တွေ့ရပြန်ပါသည်။
ရေနွေးကြမ်းနှင့် ပတ်သက်ပြီး ပြန်လည်ကောက်ချက် ချရမည်ဆိုလျှင် ကျေးလက်တောရွာများတွင်၊ မြို့ကြီးပြကြီးများ၌ နေထိုင်သူများလောက် လေဖြတ်သူ မများရခြင်း အကြောင်း အရင်းများတွင် ရေနွေးကြမ်းသောက်သော ဓလေ့သည်လည်း တစ်ခုအပါအဝင် ဖြစ်နိုင်ပါသည်။ တောနယ်များတွင် ဆင်းရဲသား လယ်သမား၊ ယာသမားများ ဘဝတွင် အချိုရည်၊ ရေခဲရည်လည်း မသောက်နိုင်ကြပါ။
တရုတ်ပြည်မှ ရှေးနှစ်ပေါင်းများစွာ (အေဒီ-၆၀၀) ကျော် ကတည်းက ဆူပွက်သော ရေနွေးထဲသို့ သစ်ရွက်ကြွေကျရာမှ စတင်ခဲ့သော လ္ဘက်ခြောက် ခတ်သောက်သော ဓလေ့ကြောင့် အာရှနှင့် အရှေ့တောင်ဥရောပ နိုင်ငံများတွင် အစာအိမ်နှင့် အူမကြီးကင်ဆာ ဖြစ်သူ နည်းပါးသည်။ ဥရောပ နိုင်ငံများမှာ အဖြစ်များသော ကင်ဆာသည် အရှေ့တောင်အာရှရှိ ရေနွေးကြမ်းသောက်သော နိုင်ငံများတွင် ဖြစ်ပွားမှု ရာနှုန်းနည်းသည်ကို လေ့လာ တွေ့ရှိကြသည်။
လေဖြတ်ခြင်းသည် လူမသေသော်လည်း ဘဝဆုံးရသော ရောဂါမျိုး ဖြစ်သည်။ စီးပွားရေး အရလည်း မိသားစု တစ်ခုလုံး ငွေကုန်ကြေးကျများပြီး နှစ်ရှည်လများ ထိခိုက်စေသော ရောဂါဖြစ်သည်။ လေမဖြတ်အောင် ကြိုတင်ရှောင်ကြဖို့ လိုသည်။ အမှန်တော့ လေဖြတ်ခြင်းကို ကာကွယ်သည့်ဆေး ဟူ၍ မရှိပါ။ သွယ်ဝိုက်သော နည်းဖြင့်သာ အကျိုးရှိနိုင်သော ဆေးများကိုသာ ရောင်းနေကြခြင်း ဖြစ်သည်။ လေမဖြတ်အောင် နားရွက်နောက်မှ အကြောဖြတ်သူများလည်း တွေ့ဖူးသည်။ အလွန်မှားသော လုပ်ရပ်ဖြစ်သည်။ နားကြောဖြတ်ပြီးမှ လေဖြတ်လာသူကို လက်တွေ့ကြုံဖူးပါသည်။
သတ္တုစပ် လက်ကောက်တစ်မျိုးကို နိုင်ငံခြားမှ လာသည့် လေမဖြတ်သည့် လက်ကောက်၊ ဤလက်ကောက်ကို ဝတ်ထားလျှင် သွေးမတိုးနိုင်ဟု ညာရောင်းနေခြင်းများလည်း ရှိသည်။ စာရေးသူ၏ လက်တွေ့ လူနာများကို ကုသခဲ့ဖူးသော အမြင်ဖြင့် လေဖြတ်ခြင်းမှ ကာကွယ်နိုင်သော နည်းလမ်းကောင်း တစ်ခုကို ညွှန်ပြပါဆိုလျှင် “ရေနွေးကြမ်း” တစ်ခွက်ကိုပင် ညွှန်ပြလိုပါသည်။
သင်လေဖြတ်ခြင်းမှ ကာကွယ်သော ဆေးတစ်ခွက်ကို သောက်လိုလျှင် အစာစားပြီးတိုင်း ရေနွေးကြမ်းတစ်ခွက် သောက်ပါ။ အစာစားပြီးတိုင်း အချိုရည်၊ ရေခဲရည် သောက်သည်ထက် ရေနွေးကြမ်း သောက်သည်က အစာလည်းကြေ၊ ဆီးချိုသွေးတိုး ရောဂါကိုလည်း ကာကွယ်ပြီး သွေးတွင်း အဆီကျစေသည့်အပြင် လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်သည့် ငွေကုန်ကြေးကျ နည်းသော ဆေးကောင်းဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။
ကြည်လွင်မြင့်(မုဒြာ)
Ref: Shade The Mandalay Hill
Source: http://www.yatanarpon.com.mm/cp/shadethemandalayhill/article-46992

No comments:

Post a Comment