Friday, January 18, 2013

လမ်းလျှောက်ခြင်းဖြင့် ရင်သားကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေနိုင်


တစ်နေ့လျင် တစ်နာရီမျှ လမ်းလျှောက်ခြင်းသည် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို ထက်ဝက်မျှ လျော့နည်းစေကြောင်း သိရှိရသည်။
ထို့ကြောင့်လည်း အမျိုးသမီးများအနေနှင့် ကျန်းမာရေး လေ့ကျင့်ခန်းအဖြစ် နေ့စဉ်ပုံမှန် လမ်းလျှောက်သင့်ကြောင်း ဆရာဝန်များက တိုက်တွန်းခဲ့သည်။
သုတေသန ပြုလုပ်မှု တစ်ခုအရ တစ်နေ့တစ်နာရီမျှ ပုံမှန်လမ်းလျှောက်ခြင်း ပြုလုပ်ခဲ့သော အမျိုးသမီးများသည် တစ်ပါတ်အတွင်းမှာပင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ (၅၅)ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း သိရသည်။
ဆရာဝန်များက ရင်သားကင်ဆာ ဖြစ်ပေါ်စေသော အကြိတ်ဆဲလ်များ ဖြစ်ပေါ်စေမှုမှာ သာမန်အခြေအနေအောက် ထက်ဝက်အထိ ကျဆင်းသွားသည်ကို တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။
ဗြိတိန်အမျိုးသမီး (၄၀၀၀၀)ခန့်သည် နှစ်စဉ်နှစ်တိုင်း ရင်သားကင်ဆာနှင့် ကြုံတွေ့နေရပြီး (၁၂၀၀၀)ခန့် သေဆုံးနေကြသည်။ ရင်သားကင်ဆာသည် မျိုးရိုးလိုက်တတ်သော ရောဂါဖြစ်ပြီး၊ ခန္ဓာကိုယ် အလေးချိန် လွန်ကဲရာမှလဲ ပေါ်ပေါက်လာတတ်သည်။
ဂျပန်နိုင်ငံ နာဂိုယာမြို့တော် တက္ကသိုလ်မှ ဆရာဝန်များက လွန်ခဲ့သော (၁၂)နှစ်တာ ကာလအတွင်း ရင်သားကင်ဆာ ဖြစ်ပွားခဲ့သည့် အမျိုးသမီးများ၏ ရောဂါမှတ်တမ်း ရာဇ၀င်များကို ခြေရာခံပြီးနောက် ရင်သားကင်ဆာ၏ ခြိမ်းခြောက်မှုသည် လူနေမှုစရိုက်နှင့်လည်း ဆက်စပ်နေကြောင်း ပြောဆိုခဲ့ကြသည်။
ရင်သားကင်ဆာအား အထိုက်အလျောက် ကာကွယ်နိုင်မည့် နည်းလမ်းအဖြစ် အနည်းဆုံး တစ်နေ့လျင် နာရီဝက်မှ တစ်နာရီထိ လမ်းလျှောက်ပေးသင့်ကြောင်း ဆရာဝန်များက အကြံပြုထားသည်။ ထို့ပြင် ကြိုးခုန်ခြင်း၊ ရေကူးခြင်း၊ အားကစားရုံတွင် ကိုယ်လက်လေ့ကျင့်ခြင်းတို့ကို တစ်ပါတ်လျင် တစ်နာရီမျှ အချိန်ယူလေ့ကျင့်ပေးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပေါ်နိုင်ခြေကို သိသာစွာ ကျဆင်းလာစေသည်ဟု ဆရာဝန်များက ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ကြောင့်လည်း အမျိုးသမီးများအနေနှင့် ပုံမှန်လမ်းလျှောက် လေ့ကျင့်ခန်းမျိုး တစ်နေ့လျင် တစ်နာရီမျှ ပြုလုပ်ခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေနိုင်ကြောင်း၊ သို့သော်လည်း တစ်နေ့လျင် (၇)နာရီထက် လျော့နည်းအောင် အိပ်စက်ခြင်းမျိုးကိုလည်း ကာလကြာရှည်ပြုလုပ်ခြင်းမျိုး ရှောင်ကြဉ်သင့်ကြောင်း ဆရာဝန်များက သတိပေးပြောဆိုထားသည်။
မှတ်ချက်။      ။seinpanpyar မှကူးယူဖော်ပြထားပါသည်။

No comments:

Post a Comment