Thursday, January 17, 2013

စိတ်ပျော်ရွှင်ဖို့ လိုအပ်တိုင်း စားသင့်သည့် အကောင်းဆုံးအစာ ငါးမျိုး

စိတ်ပျော်ရွှင်မှုအတွက် အစားအစာက အသုံးဝင်တယ်လို့ သင်ထင်ပါသလား။  မှန်ပါတယ်။ အစားအစာနဲ့ စိတ်ခံစားမှုဟာ ဆက်စပ်မှု ရှိနေပါတယ်။ အကြောင်းကတော့ အစားအစာ တချို့မှာ ဆီရိုတိုနင်ဓာတ်၊ ထရစ်ပတိုဖန်ဓာတ်စတဲ့ စိတ်ခံစားမှု ကောင်းစေတဲ့ ဓာတ်တွေအပြင် ဗီတာမင် B6၊ B12 နဲ့ ဖောလစ်အက်စစ်စတဲ့ အာဟာရဓာတ်တွေလည်း ပါဝင်နေလို့ပါ။



(၁) ဂျုံမှုန့်
အခွံချွတ်မထားတဲ့ ကောက်နှံ၊ ဂျုံမှုန့်နဲ့ ဆန်လုံးညိုတွေလို ကာဗိုဟိုက်ဒရိတ်တွေကို စားပေးရင် စိတ်ကြည်နူး နှစ်သိမ့်မှုကို ရရှိစေပါတယ်။ အကြောင်းကတော့ ကာဗိုဟိုက်ဒရိတ် အစာမှာ ထရစ်ပတိုဖန် ပါဝင်လို့ပါ။ ထရစ်ပတိုဖန်က ဦးနှောက်ထဲကို ပိုမိုရောက်ရှိလေလေ၊ ဦးနှောက်ထဲမှာ ဆီရိုတိုနင်ကို ပိုမို တည်ဆောက်နိုင်လေလေဖြစ်ကာ စိတ်ကြည်နူး ပျော်ရွှင်မှုကို ရရှိစေပါတယ်။
(၂)  ဆယ်လ်မွန်ငါး
လေ့လာမှုတွေအရ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ စိတ်ကျသက်သာစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။ တစ်နေ့မှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ၃ ဒသမ ၄ ဂရမ်မှီဝဲတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက အာနိသင်မပါတဲ့ ဆေးကိုပဲ မှီဝဲတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေထက် စိတ်ကျရောဂါ လက္ခဏာတွေ သိသိသာသာ လျော့ကျမှုရှိတယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အကြောင်းကတော့ အိုမီဂါ ၃ ဟာ ဦးနှောက်ထဲမှာ Neurotransmitter လမ်းကြောင်းတွေ ပေါ်လာစေလို့ပါ။ အိုမီဂါ ၃ ပါဝင်တဲ့ အကောင်းဆုံး အစာတွေက ဆယ်လ်မွန်ငါး၊ ဟာအင်းငါးနဲ့ ဆာဒင်းငါးတို့ ဖြစ်ကြပါတယ်။ သီဟိုဠ်စေ့နဲ့ ရွှေဖရုံစေ့တွေမှာလည်း အိုမီဂါ ၃ ပါဝင်ပါတယ်။ ဆယ်လ်မွန်ငါးမှာ ဗီတာမင်ဒီလည်း ပါဝင်ပြီး ဗီတာမင်ဒီကလည်း စိတ်ခံစားမှုကောင်းစေတဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။
(၃) နွားနို့ရောထားသော ကွေကာ
ဗီတာမင်ဒီဟာ ဆီရိုတိုနင်အဆင့်ကို တိုးစေတယ်လို့ လတ်တလော လေ့လာမှုအရ သိရပါတယ်။ ဗီတာမင်ဒီက စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို လျော့ပါးစေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ဗီတာမင်ဒီဟာ ရာသီကြောင့်ဖြစ်တဲ့ ဝေဒနာတွေဖြစ်တဲ့ ပူပင်သောက များတာ၊ နုံးတာ၊ ပင်ပန်းတာတွေကို သက်သာစေပါတယ်။ ဗီတာမင်ဒီကို နေရောင်ခြည်ကနေ အဓိက ရရှိသလို အစားအစာကနေ အနည်းငယ် ရရှိပါတယ်။ ဗီတာမင်ဒီကို နွားနို့ရောထားတဲ့ နံနက်စာကွေကာမှာ တွေ့ရပြီး ကျန်းမာတဲ့ နာ့ဗ်ကြောစနစ်ကို တည်ဆောက်နိုင်ပါတယ်။ ဗီတာမင်ဒီဟာ အရိုးပါးရောဂါ၊ ကင်ဆာရောဂါ အမျိုးမျိုးနဲ့ ကိုယ်ခံအားလွန်ကဲတဲ့ ရောဂါတွေကိုလည်း သက်သာစေပါတယ်။
(၄) ငှက်ပျောသီး
လတ်တလော စစ်တမ်းတစ်ခုအရ စိတ်ကျဝေဒနာ ခံစားနေရတဲ့ လူအများစုဟာ ငှက်ပျောသီးတစ်လုံး စားပြီးတဲ့အခါမှာ စိတ်ခံစားမှု သိသိသာသာ ကောင်းမွန်လာတယ်လို့ သိရပါတယ်။ ငှက်ပျောသီးမှာ ထရစ်ပတိုဖန်ဆိုတဲ့ ပရိုတင်းတစ်မျိုး ပါဝင်ပြီး ခန္ဓာကိုယ်ထဲမှာ ဆီရိုတိုနင်အဖြစ် ပြောင်းလဲလိုက်တာကြောင့်ပါ။ ဒါ့အပြင် ဗီတာမင် B6 ပါတာကြောင့် သွေးတွင်းဂလူးကို့စ် အဆင့်ကို တည်ငြိမ်စေကာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ သွေးဆုံးခါနီး ခံစားရတတ်တဲ့ ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။ ပန်းသီးတစ်လုံးနဲ့ယှဉ်ရင် ငှက်ပျောသီးမှာ ပိုတက်စီယမ်ပါဝင်မှုက လေးဆ၊ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုက နှစ်ဆ၊ ဖော့စ်ဖရပ်စ် ပါဝင်မှုက သုံးဆ၊ ဗီတာမင်အေနဲ့ သံဓာတ်ပါဝင်မှုက ငါးဆနဲ့ တခြားဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုက နှစ်ဆ ပိုများတာကို တွေ့ရပါတယ်။
(၅) အမည်းရောင် ချောကလက်
လေ့လာမှုများစွာအရ ချောကလက်ကို မကောင်းတဲ့ စိတ်ခံစားမှု ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့ အစာလို့ ဆိုပါတယ်။ ချောကလက်ဟာ အန်ဒေါ်ဖင်ဆိုတဲ့ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်း အထွက်တိုးစေတာကြောင့် စိတ်ကြည်နူးမှုကို ရရှိစေတာ ဖြစ်ပါတယ်။ ကိုကိုးမှုန့်နဲ့ အနက်ရောင် ချောကလက်မှာ အင်တီအောက်ဆီးဒင့် ဖလေဗနော သိသိသာသာ ပါဝင်တာကြောင့် ဦးနှောက်ထဲမှာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။

No comments:

Post a Comment